ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Saturday, July 28, 2012

နပိုလီယံ၏ သမိုင်း


နပိုလီယံ၏ သမိုင်း

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~အပိုင်း(၁)~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~`



စစ် ဧကရာဇ် နပိုလီယံ နှင့် ဗေဒင်ပညာ (အပိုင်း ၁)


နပိုလီယံနှင့် ပါတ်သက်သော နိမိတ်ကြီး (၃) ခု။

အချိန်ကား ၁၇၆၉-ခုနှစ်၊ သြဂုတ်လ ၁၆-ရက်နေ့ ဖြစ်၏။

ဆီလေးရှား ဒေသရှိ - ဘရက်စလူး ရဲတိုက်စံအိမ်ကြီးတွင် အိပ်မောကျနေခဲ့သော ဖရက်ဒရစ် ဘုရင် (Frederic the Great) သည် နံနက် ၆-နာရီ အချိန်တွင် သူ၏ အပြာရောင် ည၀တ်ပိုးအင်္ကျီ ဖြင့် အိပ်ယာမှ လူးလဲ ထ, လာခဲ့သည်။ ထို့နောက်တွင်တော့ ကမန်းကတန်း အ၀တ်အစား လဲလိုက်ပြီး- သူ၏ နက္ခတ်ဗေဒင် ပညာရှင် ကို ဆင့်ခေါ်လိုက်တော့၏။


နက္ခတ် ဗေဒင် ပညာရှင် ပရောဟိတ်ကြီး ရောက်ရှိလာပြီးနောက်- ပရပ်ရှား နိုင်ငံ ဘုရင် ဖြစ်သော ဖရက်ဒရစ် မင်းကြီး မှ ၄င်းအား နေသားတကျ ထိုင်စေပြီး- သူ၏ အိပ်မက်ကို နားထောင်စေပါတော့သည်။ ထို ပညာရှင်တို့မှ သူ့ အိပ်မက်၏ အဓိပ္ပါယ်ကို သူ့အနေဖြင့် သိလိုလှတော့သည်။


ဘုရင်က သူ၏ အိပ်မက်ကို စတင်ပြောပြပါသည်။ သူ၏ အုပ်စိုးရာ တိုင်းနိုင်ငံ နယ်နမိတ်၏ ကောင်းကင်ပေါ်တွင် သူ၏ မင်းဆက်ကို ကိုယ်စားပြုသော ကြယ်ကြီးတစ်လုံးသည် မြင့်မားသော အနေအထားတွင် တည်လျှက် ထွန်းလင်းတောက်ပနေခဲ့သည်။ ထိုကြယ်ကြီး၏ တောက်ပမှုကို ကျေနပ် လိုလားစွာ ကြည့်ရှုနေခိုက်- နောက်ထပ်ကြယ်ကြီး တစ်လုံးက ပထမ ကြယ်ကြီးထက် မြင့်မားသော အနေအထားတွင် ရုတ်တစ်ရက် ဆိုသလို ပေါ်ထွန်းလာခဲ့သည်။


ကြယ်ရောင်တို့က အပြန်အလှန်ဆိုသလို ရှုပ်ထွေးသွားခဲ့၏။ ခဏ အကြာတွင်- ဖရက်ဒရစ် မင်းကြီး၏ ကြယ်ကြီးသည် မှောင်မိုက်သွားလျှက်- နောက်ပေါ်သော ကြယ်ကြီး၏ လည်ပါတ်မှုတွင် အရစ်ပါတ် ခံလိုက်ရ၏။ ထို့နောက် မမြင်ရသော အင်အားတစ်ခုက ၄င်းကို အနိုင်ယူ ချေမှုန်းလိုက်သည့် အလား ဖြေးညင်းစွာဖြင့် ကမ္ဘာမြေသို့ ဆင်းသက်သွား၏။ ဖရက်ဒရစ် မင်းကြီးက ထိုနိမိတ်၏ အဓိပ္ပါယ်ကို နက္ခတ် ပညာရှင် ပရောဟိတ်ကြီး အား မေးလိုက်၏။

ပရောဟိတ်ကြီး ကို ကြည့်ရသည်မှာ မသက်မသာရှိလှပါတော့သည်။ သူ့အနေဖြင့် - စစ်တို့တွင် လွန်စွာ စွမ်းအားကောင်းသော လူသားတစ်ဦး မွေးဖွား လာပြီ ဖြစ်၍ ပရပ်ရှား နိုင်ငံ အနေဖြင့် ထို မမြင်ရသော စွမ်းအား၏ ထိန်းချုပ်မှုအောက်ကို ရောက်ရှိလိမ့်မည် ဖြစ်ကြောင်း ဘုရင်ကြီးကို လျှောက်တင်လိုက် ရပါတော့သည်။
ဖရက်ဒရစ် မင်းကြီးကား ဒေါသဟုန်းဟုန်း တောက်သွားပါတော့သည်။ သူက သူ့အိပ်မက်ကို ဆက်ပြော၏။ ထိုကြယ် ၂-ခုမှာ အတန်ကြာ ရုန်းကန် ရှုပ်ထွေးမှု ပြင်းထန် ပြီးနောက်- သူ၏ ကြယ်သည် ခဲယဉ်းစွာဖြင့် လွတ်မြောက်သွား၏။ ထို့နောက် သူ၏ မူလနေရာသို့ ပြန်လည် ရောက်ရှိပြီး နဂို အတိုင်း ထွန်းလင်း တောက်ပကာ အခြားကြယ်မှာမူကား ကောင်းကင်ယံမှ ကွယ်ပျောက်သွား၏။
ဤသို့ဆိုလျှင်ရော- ပရပ်ရှားနိုင်ငံသည် အခြားသူတစ်ဦးတစ်ယောက်၏ လွှမ်းမိုးမှုကို ခံရပါမည် ဦးလားဟု ပရောဟိတ်ကြီး အားထပ်မေး၏။
နက္ခတ်ဆရာ ပရောဟိတ်ကြီး အနေဖြင့်- အချိန်ကာလ တစ်ခုအားဖြင့် ဖြစ်နိုင်ပါလိမ့်မည်။ ယခု အိပ်မက်သည် ထိုကဲ့သို့သော စစ်သည်တော် တစ်ယောက် ကမ္ဘာမြေပေါ်တွင် ပေါ်ထွန်းလာခြင်း ကို ရည်ညွှန်းသော အိပ်မက် ဖြစ်နိုင်ပါသည်ဟု လျှောက်တင်လိုက်၏။
လွန်ခဲ့သော နာရီ အနည်းငယ်ခန့်က ဘရက်စလူး နှင့် မိုင် ၉၀၀ ခန့် ဝေးသော အက်ဂျာ စီယို မြို့တွင် ကလေးငယ် တစ်ယောက် မွေးဖွားခဲ့ပါသည်။ ထိုကလေးငယ်သည်ကား နပိုလီယန် ဘိုနာပါတ် အမည်ရှိမည့် လူသားတစ်ယောက် ဖြစ်ပါတော့သည်။
မည်သို့ပင် ဖြစ်စေ- ဖရက်ဒရစ် ဘုရင်ကြီး၏ အိပ်မက် နိမိတ်ကို သယ်ဆောင်လာသူ နပိုလီယန် အတွက် - ကမ္ဘာကျော် ပုရောဟိတ်ကြီးများကို ယခင်ကတည်းပင် အခြားသော နိမိတ်တို့ က ခြောက်လှန့်ခဲ့ထားပြီး ဖြစ်ပါသည်။
၁၅၄၂- ခုနှစ်တွင် ဆေးပညာရှင် လည်းဖြစ်၊ နက္ခတ်ဗေဒင် ပညာရှင်လည်း ဖြစ်သူ ဖိလစ် နိုရယ် အိုလီဗား ရီယက်စ် (Philippe-Noel .....) ရှေ့ပြေးဟောကိန်း စာအုပ်ကြီးကို ရေးသားခဲ့ဘူး၏။ သို့သော်လည်း သူနှင့် ခေတ်ပြိုင်များကမူ အမှိုက်သရိုက်သဘွယ် သဘောထားခဲ့ကြ၏။ ထိုရှေ့ပြေး ဟောကိန်း သည် နှစ်ပေါင်း နှစ်ရာ- နှစ်ဆယ့်-ခုနှစ် နှစ် အကြာတွင် အလွန့်အလွန်တိကျစွာ ဖြစ်ပေါ်လာခဲ့ပါတော့သည်။
အိုလီဗား ရီယက်စ် ရေးသားခဲ့သော ပြင်သစ်ဘာသာကို ဘာသာပြန်လိုက်ပါက-

“ပြင်သစ် နွယ်ဘွား ဖြစ်သော အီတလီ လူမျိုးတစ်ယောက်၏ မွေးဖွားခြင်း သည် ၄င်း၏ နှလုံးသားမှ မကွာဝေးသည်၌ ရှိသည်ဖြစ်၏။ အံ့မခန်း လူသား ဖြစ်၏။ ငယ်ရွယ်စဉ် ၌ပင်လျှင် ထိုသူသည် ပင်လယ်ကို ဖြတ်သန်း၍ ဆဲလ်တစ် ပြင်သစ်နွယ်ဘွားတို့၏ ဘာသာ စကား၊ ယဉ်ကျေးမှု တို့ကို ယူမည် ဖြစ်၏။ ငယ်ရွယ်စဉ် ၌ပင်လျှင် ထိုသူသည် အခက်အခဲ ထောင်ပေါင်းများစွာကို ကျော်လွန် ဖြတ်သန်း၍ အားလုံးတို့၏ အကြီးအကဲ ဖြစ်အံ့။ ထိုသူသည် ဦးစွာ ပထမ အနေဖြင့်- သူမွေးဖွား နိုင်ငံ၏ အနီးတွင် စစ်ပွဲ ပြုမည် ဖြစ်အံ့၊ (နပိုလီယံ၏ ပထမဆုံးသော ပထမ အီတာလျံ ကန်ပိန်း First Italian campaign)၊ သမုဒ္ဒရာကို ဖြတ်သန်း၍ - ထိုသူသည် ကြီးမားသော တောက်ပခြင်း၊ သူရဲကောင်း အဖြစ် အောင်မြင်ခြင်း ရှိအံ့၊ ( အီဂျစ်ပြည် သို့ ခြေဆန့်ခြင်း)၊ ထို့နောက်တွင် ထိုသူသည် ရောမ ကမ္ဘာနှင့် စစ်ပွဲများ ဖြစ်အံ့ (ဒုတိယ အီတာလျံ ကန်ပိန်း second Italian campaign နှင့် မာရင်းဂေါ)၊ ထိုသူသည် ဥပဒေကို ပြုအံ့ (နပိုလီယန် ဥပဒေ)၊ ထိုသူသည် ဒုက္ခနှင့် ကြောက်ရွံ.ခြင်းများကို ပယ်ဖျောက်စေအံ့ (ပြင်သစ် တော်လှန်ရေးကြီးအား ရည်ညွှန်းထားသည်။) ထိုသူသည် ရှင်ဘုရင် ဟူသော အမည်အစား- ဧကရာဇ် အဖြစ် အမည်တွင်မည်။ ကြီးမားသော ထင်ရှားခြင်း ရှိမည်။ ထိုသူ၏ အင်ပိုင်ယာတွင် တိုက်ပွဲများ ဖြစ်၍၊ ထိုသူသည် မင်းညီ မင်းသားများ၊ နယ်စား၊ မြို့စားများ၊ ဘုရင်များ၊ အား ဆယ်နှစ်ကျော်တိုင် ဖယ်ရှားထားနိုင်လိမ့်မည်။”



အထက်ပါ စာပိုဒ်သည်ကား နပိုလီယန် မွေးသည်မှ ထီးနန်း သိမ်းပိုက်နိုင်သည် အထိ အိုလီဗား ရီယက်စ် ရေးသားခဲ့သော စာသားတို့ ဖြစ်သည်။ ဆက်လက်၍လည်း-


“ထိုသူသည် ဤ ရွှေမြို့တော် (ပဲရစ်မြို့ကို ဆိုလိုသည်။) လာလိမ့်မည်။ အဆောက်အဦများ၊ ပင်လယ် ဆိပ်ကမ်းများ၊ ရေစီးဆင်းရန် တူးမြောင်းများ စသည်ဖြင့် များစွာသော ကိစ္စတို့ကို လုပ်ဆောင် လိမ့်မည်။ သူတစ်ဦးတည်းဖြင့်ပင် ရောမမြို့သားများ တည်ဆောက်ခဲ့သကဲ့သို့သော တည်ဆောက် မှုများကို ပြုလိမ့်မည်။ ဇနီး ကြင်ဖေါ် ၂-ဦးရပြီး၊ သားတစ်ယောက်သာ ထွန်းကားမည်။”



နပိုလီယန် အနေဖြင့် ကံကြမ္မာ နိမ့်ကျလာမည့် အဖြစ်ကိုလည်း အိုလီဗား ရီယက်စ် မှ ဆက်လက် ရေးသားခဲ့သည်။


“ထိုသူသည် လောင်ဂျီတွဒ် မျဉ်းတို့နှင့် လတ္တီတွဒ်မျဉ်းများ ဖြတ်သန်းရာ ဒေသများတွင် စစ်ပွဲများ ဆင်နွှဲ လိမ့်မည်။ ထို့နောက်တွင် သူ၏ ရန်သူတို့သည် သူတို့ပိုင် မြို့တော်ကို မီးရှို့လိမ့်မည်။ (မော်စကို မြို့အား ရုရှားတို့ မှ မီးရှို.ခဲ့ကြသည်။) ထိုသူသည် အပျက်အစီး နှင့် ပြာပုံတို့မှ ထိုမြို့သို့ ၀င်ရောက် ပြီး ထွက်ခွာမည်။ သူ၏ အဖွဲ့သားများတွင် စားစရာ၊ သောက်စရာ မရှိ၊ အေးမြ ဆိုးဝါးလွန်းသော ရာသီ ဥတုကြောင့် သူ့တပ်ဖွဲ့ ၏ ၃-ပုံ ၂-ပုံသည် အစပျောက် ဆုံးရှုံးရလိမ့်မည်။ (ရုရှားမှ ပြန်လည် ဆုတ်ခွာချိန်) ”

“ထိုသူသည် သီးသန့် ခွဲထွက်ခံရလျှက်- မိတ်ဆွေ၏ သစ္စာဖေါက်မှုကို ခံရမည်။ (မားမောင့်၏ သစ္စာဖေါက်မှု) သူ၏ ကိုယ်ပိုင် မြို့တော်တွင်ပင် - ဥရောပသား တို့၏ အမဲလိုက်ခြင်းကို ပြန်လည်၍ ခံရလျှက်၊ (၁၈၁၄-ပဲရစ်တွင် မဟာမိတ်တို့နှင့်)၊ သူ၏ နေရာတွင် ဘုရင် ဟောင်းကို ပြန်ထားကြမည်။ (လူဝီ ၁၈ ဘုရင်၊ လူဝီ ၁၆-ကဲ့သို့)၊ ထိုသူအား သူမွေးဖွားရာ ဒေသနှင့် မကွာဝေးသော ပင်လယ်ပြင်တွင် နှယ်နှင်ထားခြင်း ခံရမည်။ (အယ်လ်ဘေး ကျွန်း)၊ သူသည် ထိုနေရာတွင် လ-ပေါင်း ၁၁-လ ကြာအောင် သူ၏ မိတ်ဆွေစစ်များ၊ စစ်သားများနှင့် အတူနေရမည်။”
“လပေါင်း ၁၁-လ ကျော်လွန်ပြီးနောက် ထိုသူနှင့် သူ၏ အဖွဲ့သားများသည် သင်္ဘောဖြင့် ပြန်လည် ထွက်ခွာ၍ ပြင်သစ် ပြည် ကမ်းခြေသို့ ပြန်လည် ခြေချမည်။ ထိုသူသည် ဘုရင် ရှိရာ ရွှေမြို့တော်သို့ ဦးတည်လျှက် ရှိသဖြင့်- ဘုရင်သည် မင်းဝတ် တန်ဆာတို့နှင့် တကွ ထွက်ပြေးရမည်။ ထို့နောက်တွင် တစ်ဖန် ဥရောပသား တို့၏ ပြန်လည် တိုက်ခိုက်ခြင်းကို ခံရလျှက်- ကောင်းကင်မှ လပေါင်း ၃- ခုနှင့် ၃-ပုံ -၁-ပုံကာလ အကြာ (၉၆ ရက်ကို ဆိုလိုပါသည်။ တကယ့်သမိုင်း တွင် နပိုလီယံ၏ ရက် ၁၀၀- ဟု အမည်တွင်လျှက် အတိအကျအားဖြင့် ၉၄-ရက်ရှိသည်။) ဘုရင်ဟောင်းသည် သူ့နေရာ ပြန်ရောက်မည်။ ထို့နောက်တွင် ထိုမဟာလူသား သည် သေဆုံးလိမ့်မည်။”


ဤသည်ကား နပိုလီယံ ဘ၀ ဖြစ်လာမည့် ဖြစ်စဉ်တို့ကို နှစ်ပေါင်း ၂၀၀ ကျော်ကပင် ရေးသားခဲ့သော နိမိတ် ရှေ့ပြေး ရေးသားချက် တစ်ခု ဖြစ်ပါသည်။


ထိုမျှ မကသေးပါ.


၁၅၅၀-တွင် ဆေးပညာရှင်လည်း ဖြစ်၊ နက္ခတ်ဗေဒင် ပညာရှင်လည်း ဖြစ်သော ဆာလွန်ဒီ ပရိုဗန့်စ် (အားလုံးက နော်စထရာ ဒေးမတ် ဟုသိထားကြသည်၊) က- ၄င်း၏ “ရာစုနှစ်” အမည်ရသော ရှေ့ပြေးကျမ်း တွင် ထပ်မံရေးသားပြန်ပါသည်။
0 CommentsChronological   Reverse   Threaded
Add a Comment
 

1 comment:

  1. စပ်မိစပ်ရာလေးများ...ဘလော့မှနွေးထွေးစွာကြိုဆိုပါ၏: နပိုလီယံ၏ သမိုင်း >>>>> Download Now

    >>>>> Download Full

    စပ်မိစပ်ရာလေးများ...ဘလော့မှနွေးထွေးစွာကြိုဆိုပါ၏: နပိုလီယံ၏ သမိုင်း >>>>> Download LINK

    >>>>> Download Now

    စပ်မိစပ်ရာလေးများ...ဘလော့မှနွေးထွေးစွာကြိုဆိုပါ၏: နပိုလီယံ၏ သမိုင်း >>>>> Download Full

    >>>>> Download LINK

    ReplyDelete

Related Posts Plugin for WordPress, Blogger...