အချစ်အကြောင်း သိပ်မရေးချင်ဘူးကွယ်
ကိုယ့်ကဗျာကိုယ် ပြန်ဖတ်မိတိုင်း
ကိုယ့်ကို ကိုယ် ငကြောင်တစ်ယောက်လိုမြင်လို့ . . .
ဘာလဲ ရင်ဘတ်ထဲမှာ တဆစ်ဆစ်မြည်မှ အချစ်လား
မြင်တွေ့ရုံနဲ့ မျက်ဝန်းထဲမှာ မျက်ရည်ကြည်အိုင်မှ အချစ်လား
ခြေမကိုင် လက်မကိုင် ကတုန်ကရီ ဖြစ်မှ အချစ်လား
မဟုတ်ပါဘူး ကလေးရယ်
အနားမှာနေရတဲ့ တခဏဟာ တစ်ဘ၀တာ
ဟောဒီလောက ဟာ မှောင်နေရက်နဲ့ မင်းအကြောင်းတွေးတာနဲ့
အလင်းဖြစ်တဲ့ နေ့တွေလည်း ရှိရဲ့ . . .
ပေါ့ ပေါ့ ပါး ပါး ပေါ့
ဟောဒီရင် ထဲမှာ ထမ်းထားရတာက လေးလေးနင့်နင့်
အတူရှိတဲ့ အချိန်တိုင်း နတ်ပြည်နဲ့ ငရဲခန်းကို ၀င် . . .
ချစ်တယ် ချစ်တယ် ချစ်တယ်
မတည်မြဲမှန်းသိရဲ့နဲ့ မင်း အပြုံးကိုချစ်တယ်
မင်း မျက်ဝန်းကိုချစ်တယ်
မင်း နုတ်ခမ်းကို ချစ်တယ်
ရိုင်းရိုင်းပြောရရင် မင်းခန္တာကို ချစ်တယ် . . .
ဘာဆက်ရေးရမှန်း မသိတော့ဘူးကွယ်
ဒီတော့ ကိုယ့် ခန္တာမှာ ကိန်းအောင်းနေတဲ့ ဂါထာတစ်ပုဒ်ကိုပဲ ရွတ်လိုက်မယ်
ချစ်တယ် ချစ်တယ် ချစ်တယ် . . .
မပြောကောင်း မဆိုကောင်း
တို့တွေ အခုလိုမဟုတ်ပဲ တကယ်ဝေးသွားရင်တောင်
ကိုယ့် နုတ်ခမ်းက ပြတ်တယ် ဆိုပေမယ့်
ဟော ဒီရင်ထဲမှာ ချစ်တယ် ချစ်တယ် ချစ်တယ် . . .
ချစ်တယ် ချစ်တယ် ချစ်တယ် . . .
မာဃလုလင်
No comments:
Post a Comment