ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Thursday, August 30, 2012

ခွင့် ပြု ပေး ပါ


ခြောက်နေတဲ့ မြစ်တွေကိုစီးဆင်းစေရင်း ကျွန်တော့်ကို သူမြိုချတယ်
ကဗျာလှလှလေးတပုဒ်လိုပဲ အစကထဲ စင်မြင့်မှာနေလာတဲ့သူ့ကို ခြေဖ၀ါးအပုနဲ့ကျွန်တော်က လှမ်းဆွတ်တယ်
မမှီတဲ့ပန်းမှ လှမ်းချင်တဲ့ ဒီလက်တွေ အမေရယ် ..ဘာကြောင့်မွေးထားပေးခဲ့သလည်း?

ဆည်းလည်းသံလေးတွေလို အသံလေးတွေနဲ့ ကျွန်တော့်မလှမ်းမကမ်းမှာသူရပ်နေခဲ့
ကျွန်တော့်အတွက်လားမေမေ ..? နံပါတ်စဉ်မှာ ဘယ်လောက်ချိတ်ချိတ် သူ့အနားဆို ကျွန်တော် ပျော်နေမှာပါ
ဒီတခါ ကျွန်တော့် အလှည့်လား မေမေ ??

ခပ်ပျက်ပျက်ရယ်သံတွေလိုပဲ ..မေ့ပြစ်လိုက်ဟဲ့ လွှတ်ချလိုက်ဟဲ့နဲ့ ကျွန်တော် မဆင်တဲ့ လမ်းတွေကိုသူခင်းပြတယ်
ကျွန်တော်ဘယ်လို လျှောက်လှမ်းရမလည်း မေမေ?


သူဟာ ကဝေတဲ့ ကံကြမ္မာက သတိပေးတယ် ဟုတ် ကျွန်တော် ကဝေမို့ လည်းချစ်ခဲ့တာပါလို့  ကံကြမ္မာကို
ပုခုံးတိုက်ပြီးဖြေတယ် ..မေမေရယ်..ကျွန်တော့် ပုခုံးတွေနာလိုက်တာ အဲဒါ ကျွန်တော့်ကြောင့်ပါ

နတ်သမီးလေးတွေ များတဲ့ သူ့အနား မနာလိုစိတ်တွေတဖွားဖွားနဲ့ ကျွန်တော် စိတ်တွေ ပုပ်နေမိတယ်
တကယ်တော့ … မမြင်ဖူးတဲ့ ပန်းကို ကျွန်တော့်အနားမှာ ဖူးပွင့်ခွင့်မပေးသင့်ဘူး လောကဓံဟာ သိပ်ခါးတယ်မေမေ

အဆင်ပြေလားလို့ မမေးပါနဲ့ ..ကျွန်တော် အဆင်မပြေပါဘူး တကယ်အဆင်မပြေပါဘူး
နောက်ဆုံးတန်းမှာတောင် နံပါတ်မချိတ်နိုင်ခဲ့တဲ့ အရှုံးတွေအတွက် ပွင့်ပွင့်လင်းလင်းလှောင်ပါ
မေမေ.. သူရက်စက်တယ်လို့  ကျွန်တော် ကျောလေးသပ်လို့ ပြောပေးပါ အဲဒီ အချစ်ဆိုတာကြီးကို ကျွန်တော် ငတ်တတ်လွန်းတယ်

သွယ်လျလျလက်ဖ၀ါးလေးတွေနဲ့ အနာဂတ်တွေသပ်ချ  အဲဒါတကယ်လား အိပ်မက်လား သူကျွန်တော့်ကို
ချစ်တယ်တဲ့မေမေ ?? ဖျက်ခနဲ လန့်နိုးခြင်းမှာ မျက်ဝန်းတွေ စိုထိုင်းသွားတယ် ကျွန်တော့်ကို အဖြေမပေးပါနဲ့တော့ မေမေ

ရှေ့မတိုးရဆိုပေမယ့် ကျွန်တော်နောက်မဆုတ်ပါဘူး အဲဒီလမ်းမှာ ကျွန်တော့်အလွမ်းတွေနဲ့ပြည့်လို့ အချစ်မှတ်တိုင်လေး
စိုက်ထူထားပါရစေလား တချိန်မှာ သူမြင်ရင် ပြန်ရယ်နိုင်အောင်ပါ သူ့အတွက်ဆို ဟာသတပုဒ်အဖြစ်လည်း ကျွန်တော်
ခုံမင်တယ်မေမေ

ကျွန်တော့်ဘက်ခြမ်းကို ဘယ်တော့မှလှည့်မပွင့်တဲ့ သူဟာနေကြာတဲ့မေမေ ကျွန်တော့်ညတွေမှာ သူဘယ်တော့မှ မပါနိုင်ဘူးလေ
စိတ်ကူးယဉ်ခြင်းတွေလို့ ပြောရင်း ကျွန်တော့် အချစ်ကို နှုတ်ယူပေးပါလားမေမေ???

ဇာတ်တူသားတွေလည်း ကျွန်တော် ရှောင်ပါ့မယ်.. အချစ်ကို သက်သက်လွတ်နဲ့ ကျော်ဖြတ်ပါ့မယ် ပြောနေကြစကားလည်း
ပြန်ရုပ်သိမ်းလို့  လွမ်းနေကြ အလွမ်းတွေလည်း အမှိုက်တွေလို မီးရှို့ပြစ်ပါ့မယ် သူ့အနားမှ နေချင်ပါတယ်ဆိုတယ့် ကျွန်တော့်
အနာဂတ်ကို ဖျက်သိမ်းခွင့်ပြုပါမေမေ?


စက်တင်ဘာရောက်တော့မယ်မေမေ … ဖြစ်နိုင်ရင် ကျွန်တော်လာရာဘ၀ကို ပြန်ပို့ပေးပါ
ကျွန်တော် သူ့ကို မသိချင်တော့ဘူးမေမေ …

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...