ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)
Showing posts with label ၀တ္တု. Show all posts
Showing posts with label ၀တ္တု. Show all posts

Monday, September 10, 2012

ပရိုင်းမိတ်တစ်ယောက်၏ ဆင့်ကဲဖြစ်စဉ် (ပထမပိုင်း)


ဝတ္ထုတွေဖတ်ချင်သူတွေအတွက်ပါ....
 [ဘီစီ ၉၀၀၀ ခန့်]
ကျောက်ဂူကြီးထဲတွင် စိုစွတ်ထိုင်းမှိုင်းပြီး စိမ့်နေသည်။ သို့ရာတွင် အပြင်မှာထက်စာလျှင်တော့ နွေးနွေးထွေးထွေးရှိသေးသည်ဟု ဆိုရမည်။ အကြောင်းမှာ ကျောက်ဂူ၏ထောင့်တစ်ထောင့်တွင် မီးငွေ့ငွေ့နှင့် မီးဖိုကလေးတစ်ခုရှိနေသောကြောင့်ပင်ဖြစ်၏။

    ဒီနေရာကို ရှာဖွေတွေ့ရှိခဲ့ခြင်းသည် သူတို့အုပ်စုအဖို့ ကံကောင်းခြင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်တော့ တောစောင့်တောင်စောင့် နတ်ဘုရားတို့၏ ကူညီမှိုင်းမမှုကြောင့်ဖြစ်၏။
    သူတို့သည် တောစောင့်နတ်ဘုရားကို သမင်တစ်ကောင်နှင့် ပူဇော်ပြီးနောက် အမဲလိုက်ရာ ထူးထူးခြားခြား ဆူဖြိုးသောဆတ်ကြီး တစ်ကောင်ကို ရရှိသည်။ ထိုဆတ်ကြီး၏သွေးဖြင့် တောင်စောင့်နတ်ကို ပူဇော်သည်။ မကြာမီမှာပင် ဒီဂူကြီးကို ရှာဖွေတွေ့ရှိခဲ့ကြ၏။
    ဂူကြီးသည် သူတို့အုပ်စု ကောင်းစွာနေလောက်သည်အထိ ကျယ်ဝန်းသည်။ ဂူ၏နောက်ဘက်ခပ်ကျကျမှာလည်း လေနှင့် အလင်းရောင်ဝင်နိုင်သော အမိုးပေါက်တစ်ခုရှိသေးသည်။ ဂူ၏အနေအထားမှာ ကျောက်တောင်ကုန်းတစ်ခု၏ အထက်ပိုင်းကျကျမှာဖြစ်၏။ ဂူပေါက်ဝအနီးတွင် ကျောက်စွန်းကြီးတစ်ခုက သဘာဝအလျောက်ကွယ်နေသောကြောင့်လည်းကောင်း၊ တောင်ကြောတစ်လျှောက်တွင် ချုံပုတ်များ ထူထပ်စွာပေါက်ရောက်နေသောကြောင့်လည်းကောင်း သူတို့နေရာကို ရန်သူအုပ်စုများအလွတ်တကူမမြင်နိုင်။
    ဒီနေရာကို ရှာမတွေ့ခင်ကဆိုလျှင် သူတို့ တော်တော်ဒုက္ခရောက်ခဲ့၏။ မိုးတွေ သည်းထန်စွာရွာသောအခါ နေထွက်ရာဘက် ယွန်းယွန်းဆီမှ လေအေးများ တိုက်ခတ်လာသောအခါ အလူးအလဲခံကြရ၏။ သစ်ပင်ကြီးတွေအောက်မှာ ခိုအောင်းခြင်း၊ လေကွယ်သည့်
ကျောက်တောင်ကြားမှာ ပုန်းကွယ်ခြင်းဖြင့် ကာကွယ်ခဲ့ရ၏။ သို့တိုင်အောင် လူအချို့မှာ ထိုဒဏ်ကြောင့် သေဆုံးခဲ့ကြရ၏။
    သူတို့အုပ်စုမှာ ရာသီဥတုဒဏ်၊ သားရဲကောင်များ အလစ်ဝင်ဆွဲသည့်ဒဏ်ကြောင့် လူဦးရေလျော့ပါပြီး တစ်စတစ်စ အင်အား နည်းလာချိန်တွင် ဒီဂူကြီးကို ရှာတွေ့ခဲ့ခြင်းဖြစ်၏။
    ခုတော့ ဒီဂူကြီးထဲမှာ လုံလုံခြုံခြုံ စိတ်ချလက်ချ အိပ်စက်နိုင်ကြပြီဖြစ်၏။

Saturday, July 28, 2012

အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ

၁
    သူနှင့်ကျွန်တော်သည် အကြီးအကျယ် စကားများခဲ့ကြသည်။ ထုံးစံအတိုင်းပင် ကျွန်တော်သည် စကားကို ဖြည်းဖြည်းမှန်မှန်ပြောသည်။ အမူအရာသည်လည်း အေးစက်စက်ရှိသည်။ သူကမူ စကားကို အော်ကြီးဟစ်ကျယ်ပြောသည်။ စားပွဲကို လက်သီးဖြင့်ထု၍ထု၍ ပြောသည်။ ကျွန်တော့်စကားလုံးတစ်လုံးသည် သူ့ကို အထိခိုက်ဆုံးဖြစ်ပြီး သူ့ဒေါသကို အစွန်းရောက်သွားစေသည်။ ကျွန်တော့်ကိုစိုက်ကြည့်သော သူ့ဒေါသမျက်လုံးများသည် စတော်ဘယ်ရီသီးကဲ့သို့ ရဲရဲနီနေ၏။ ကျွန်တော့်အင်္ကျီရင်ဘတ်စကို ဆုပ်ကိုင်ဆွဲပြီး လက်သီးဖြင့် ရွယ်သည်။
ကျွန်တော်၏တည်ငြိမ်ဆဲဖြစ်သော ဟန်ပန်ကြောင့်ထင်သည်။ သူ ကျွန်တော့်ကို မထိုးဖြစ်တော့။ အင်္ကျီစကို လွှတ်လိုက်ပြီး တောက်တစ်ချက်ခေါက်သည်။ ချာခနဲ လှည့်ထွက်သွား၏။ ထိုအခါမှစ၍ သူ့ကို နောက်ထပ်မတွေ့ရတော့။ ကျွန်တော် သူ့ကို အနာကျင်ဆုံးဖြစ်အောင် ပြောခဲ့သည်မှာ "မင်း ကြာကူလီပဲ မျိုးဇော်"ဟူသော စကားဖြစ်လေသည်။
Related Posts Plugin for WordPress, Blogger...