ကျွန်တော့်ဆီလာလည်ကြသော သူငယ်ချင်းမိတ်ဆွေများကို အမြဲကြိုဆိုလျက်ပါ...ကျွန်တော်မှားတာလေးတွေ တွေ့ရင်လည်းခွင့်လွတ်ကြပါ..ကျေးဇူးတင်ပါတယ်...(စိုင်းလေး)

Monday, September 10, 2012

ပရိုင်းမိတ်တစ်ယောက်၏ ဆင့်ကဲဖြစ်စဉ် (ပထမပိုင်း)


ဝတ္ထုတွေဖတ်ချင်သူတွေအတွက်ပါ....
 [ဘီစီ ၉၀၀၀ ခန့်]
ကျောက်ဂူကြီးထဲတွင် စိုစွတ်ထိုင်းမှိုင်းပြီး စိမ့်နေသည်။ သို့ရာတွင် အပြင်မှာထက်စာလျှင်တော့ နွေးနွေးထွေးထွေးရှိသေးသည်ဟု ဆိုရမည်။ အကြောင်းမှာ ကျောက်ဂူ၏ထောင့်တစ်ထောင့်တွင် မီးငွေ့ငွေ့နှင့် မီးဖိုကလေးတစ်ခုရှိနေသောကြောင့်ပင်ဖြစ်၏။

    ဒီနေရာကို ရှာဖွေတွေ့ရှိခဲ့ခြင်းသည် သူတို့အုပ်စုအဖို့ ကံကောင်းခြင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်တော့ တောစောင့်တောင်စောင့် နတ်ဘုရားတို့၏ ကူညီမှိုင်းမမှုကြောင့်ဖြစ်၏။
    သူတို့သည် တောစောင့်နတ်ဘုရားကို သမင်တစ်ကောင်နှင့် ပူဇော်ပြီးနောက် အမဲလိုက်ရာ ထူးထူးခြားခြား ဆူဖြိုးသောဆတ်ကြီး တစ်ကောင်ကို ရရှိသည်။ ထိုဆတ်ကြီး၏သွေးဖြင့် တောင်စောင့်နတ်ကို ပူဇော်သည်။ မကြာမီမှာပင် ဒီဂူကြီးကို ရှာဖွေတွေ့ရှိခဲ့ကြ၏။
    ဂူကြီးသည် သူတို့အုပ်စု ကောင်းစွာနေလောက်သည်အထိ ကျယ်ဝန်းသည်။ ဂူ၏နောက်ဘက်ခပ်ကျကျမှာလည်း လေနှင့် အလင်းရောင်ဝင်နိုင်သော အမိုးပေါက်တစ်ခုရှိသေးသည်။ ဂူ၏အနေအထားမှာ ကျောက်တောင်ကုန်းတစ်ခု၏ အထက်ပိုင်းကျကျမှာဖြစ်၏။ ဂူပေါက်ဝအနီးတွင် ကျောက်စွန်းကြီးတစ်ခုက သဘာဝအလျောက်ကွယ်နေသောကြောင့်လည်းကောင်း၊ တောင်ကြောတစ်လျှောက်တွင် ချုံပုတ်များ ထူထပ်စွာပေါက်ရောက်နေသောကြောင့်လည်းကောင်း သူတို့နေရာကို ရန်သူအုပ်စုများအလွတ်တကူမမြင်နိုင်။
    ဒီနေရာကို ရှာမတွေ့ခင်ကဆိုလျှင် သူတို့ တော်တော်ဒုက္ခရောက်ခဲ့၏။ မိုးတွေ သည်းထန်စွာရွာသောအခါ နေထွက်ရာဘက် ယွန်းယွန်းဆီမှ လေအေးများ တိုက်ခတ်လာသောအခါ အလူးအလဲခံကြရ၏။ သစ်ပင်ကြီးတွေအောက်မှာ ခိုအောင်းခြင်း၊ လေကွယ်သည့်
ကျောက်တောင်ကြားမှာ ပုန်းကွယ်ခြင်းဖြင့် ကာကွယ်ခဲ့ရ၏။ သို့တိုင်အောင် လူအချို့မှာ ထိုဒဏ်ကြောင့် သေဆုံးခဲ့ကြရ၏။
    သူတို့အုပ်စုမှာ ရာသီဥတုဒဏ်၊ သားရဲကောင်များ အလစ်ဝင်ဆွဲသည့်ဒဏ်ကြောင့် လူဦးရေလျော့ပါပြီး တစ်စတစ်စ အင်အား နည်းလာချိန်တွင် ဒီဂူကြီးကို ရှာတွေ့ခဲ့ခြင်းဖြစ်၏။
    ခုတော့ ဒီဂူကြီးထဲမှာ လုံလုံခြုံခြုံ စိတ်ချလက်ချ အိပ်စက်နိုင်ကြပြီဖြစ်၏။
                        * * *
    မီးဖိုရှေ့တွင် လူငယ်တစ်ဦးထိုင်နေသည်။ သူသည် မီးဖိုထဲမှ မီးကျီခဲများအခြေအနေကို မကြာခဏ ဂရုစိုက်ကြည့်သည်။ လိုအပ်လျှင် ထင်းစများ ထပ်ထည့်ပြီး လေနှင့်မှုတ်ပေးသည်။ တစ်ခါတစ်ခါ အခြောက်လှမ်းထားသော တိရ စ္ဆာန်အရိုးတစ်ချောင်းတလေထည့်ပေးသည်။
    အုပ်စုထဲမှ တခြားလူတွေက အမဲလိုက်ဖို့ထွက်သွားကြသည်။ သူကတော့ ဒီနေ့ဂူစောင့်ဖို့ တာဝန်ကျသဖြင့် ကျန်နေခဲ့ခြင်းဖြစ်၏။ အထူးသဖြင့် မီးဖိုကို စောင့်ကြည့်ဖို့ဖြစ်၏။
    သူတို့အုပ်စုသည် မီးကို အသုံးပြုတတ်နေပြီဖြစ်သော်လည်း မီးမွှေးသည့်အတတ်ပညာကို မရရှိသေး။ တောမီးလောင်ကျွမ်းရာမှ မီးကူးယူနိုင်ကြောင်းကိုတော့ သိသည်။ သို့ရာတွင် တောမီးဆိုသည်မှာ တောစောင့်နတ်ဘုရား အလိုမကျ၍ ဒေါသ ထွက်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်၍ ထိုမီးကို မယူရဲရုံမက ဝေးရာသို့ပင် ပြေးကြရ၏။
    ထို့ကြောင့် တခြားအုပ်စုတစ်စုမွေးထားသော မီးဖိုတစ်ခုကို လုယူခဲ့ရ၏။ ထိုအကြောင်းကို သူ ကောင်းကောင်း အမှတ်ရသည်။
    နှင်းတွေ အလွန်ကျသော နံနက်ခင်းတစ်ခုမှာဖြစ်၏။ ခိုက်ခိုက်တုန်အောင် ချမ်းလှသည်။ ဘယ်လောက်ချမ်းလိုက်သလဲဆိုလျှင် မနက်အိပ်ရာက နိုးသောအခါ အသက်အရွယ်ကြီးရင့်သော အဘိုးကြီးတစ်ယောက်ကို နှိုးလို့မရတော့။ ညက အအေးဒဏ်ကြောင့် သွေးခဲပြီး အသက်ထွက်သွားခဲ့ရခြင်းဖြစ်၏။
    ထိုအဘိုးကြီး၏အလောင်းကို တောင်ကြားထဲမှာ သွားစွန့်ပစ်ရန် ထွက်လာကြရင်း တစ်နေရာမှာ မီးခိုးတလူလူတွေ့လိုက်ရ၏။ သစ်ပင်တွေကွယ်ပြီး ချောင်းကြည့်လိုက်တော့....
    လူတစ်စုသည် မီးဖိုလေးကို ၀ိုင်းထိုင်ပြီး မီးလှုံနေကြ၏။ မိမိတို့အုပ်စုခေါင်းဆောင်၏မျက်နှာသည် တင်းမာလာ၏။ သူက လက်မြှောက် အချက်ပေးလိုက်သောအခါ အသံနက်ကြီးများဖြင့် အော်ဟစ်လိုက်ပြီး မီးဖိုဘေးကအုပ်စုဆီသို့ တစ်ဟုန်ထိုး ပြေးဝင်တိုက်ခိုက်ကြလေ၏။ မီးဖိုပိုင်ရှင်အုပ်စုကလည်း အပြင်းအထန်ခုခံကြသည်။ သို့ရာတွင် အငိုက်မိသွားသောကြောင့် မကြာခင်မှာပင် အားလုံးအသတ်ခံလိုက်ရ၏။
    မီးဖိုကိုလည်း သိမ်းပိုက်ရရှိခဲ့သည်။ ထိုတိုက်ပွဲတွင် သူတို့ဘက်မှလည်း လက်တစ်ဖက်၏လက်ချောင်းများအရေအတွက်မျှရှိသောလူများ ကျဆုံးခဲ့ရသည်။
    ဒီလို ခက်ခက်ခဲခဲရယူခဲ့ရသောကြောင့် ဒီမီးဖိုလေး သေမသွားအောင် တစ်ယောက်ယောက်က အမြဲစောင့်ကြည့်ပြီး မီးထိုးပေးနေရ၏။ မီးသေသွားခဲ့လျှင် နောက်ထပ်ပြန်မွှေးဖို့မလွယ်တော့။ အကယ်၍ မတော်တဆမီးသေသွားခဲ့လျှင် မီးဖိုစောင့်ရန် တာဝန်ကျသူအတွက် အပြစ်ဒဏ်မှာ သေဒဏ်မှတစ်ပါး အခြားမရှိ။
    ထို့ကြောင့် လူငယ်သည် မီးလည်းမသေအောင် ထင်းလည်း သိပ်မကုန်ရအောင် ချိန်ဆ၍ မီးထိုးပေးနေရ၏။ တစ်ချက် တစ်ချက် ဂူပေါက်ဝဘက်သို့ လှမ်းမျှော်ကြည့်တတ်သည်။
    အပြင်မှာ တော်တော်အေးနေမှာသေချာသည်။ ဂူပေါက်ဝမှ ဝေ့ကနဲဝင်လာတတ်သောလေက စိမ့်ကနဲ ဖြစ် ဖြစ်သွားစေ၏။ ဒါတောင် မီးဖိုမှအပူငွေ့ရှိနေလို့။
    လူငယ်၏ ကိုယ်အောက်ပိုင်းကို ဒရယ်သားရေနှင့်ပတ်ပြီး အနားများကို ငါးရိုးများနှင့်ထိုးသီထား၏။ ကိုယ်အပေါ်ပိုင်းကတော့ ပလာကျင်းနေသည်။
    အုပ်စုစည်းကမ်းအရ ကိုယ်တိုင် တိုက်ခိုက်သတ်ဖြတ်သော သားကောင်၏သားရေကို ကိုယ့်ဘာသာ ၀တ်ဆင်ခွင့်ရှိ၏။ သူသည် ဒရယ်ကြီးတစ်ကောင်ကို ရရှိခဲ့ဖူးသည်။ သို့တိုင်အောင် ကိုယ်အောက်ပိုင်းအတွက်သာယူပြီး ကျန်သောသားရေကို တစ်စုံတစ်ယောက်အား ရက်ရောစွာပေးခဲ့၏။ ထိုတစ်ယောက်ကား...
    မီးဖိုကလေးက တငွေ့ငွေ့လောင်နေသလို သူ့ရင်ထဲမှာလည်း ရမ္မက်မီးက လောင်မြိုက်နေ၏။
    သူသည် အုပ်စုထဲမှ ဆံပင်နီနီနှင့် မိန်းကလေးကို တပ်မက်နေမိ၏။ မိန်းကလေးသည် အရွယ်ရောက်ပြီးကတည်းက ဘယ်ယောက်ျားလေးနှင့်မျှ မတွဲသေး။ အုပ်စုထဲမှ အခြားယောက်ျားပျိုများကိုလည်း ခပ်ရှောင်ရှောင်နေလေ့ရှိ၏။ ချဉ်းကပ်လာသူများကိုလည်း ခပ်ထန်ထန်တုံ့ပြန်တတ်သည်။
    အကြမ်းဖက်အနိုင်ကျင့်လို့လည်း မရ။ မိန်းကလေးက အလွန်သန်စွမ်းသည်။ အသတ်အပုတ်လည်း ကျွမ်းကျင်သည်။ တော်ရုံ ယောက်ျား တစ်ယောက်ဆိုလျှင် ကိုင်ပေါက်ပစ်လိုက်နိုင်သည်။ ထို့ကြောင့် သူ့ကို အားလုံးကလန့်ကြသည်။
    ဒီနေ့တော့ လူငယ်အတွက် ကံကောင်းသည်ဟု ဆိုရမည်။ မီးဖိုကို ဂရုစိုက်သောကြောင့် မီးနတ်ဘုရားက မစလေသားမသိ။ ဆံပင်နီ မိန်းမပျိုသည်လည်း သူ့လိုပင် ဂူကိုစောင့်ဖို့ တာဝန်ကျသောကြောင့်ပင်ဖြစ်၏။ ယခုမိန်းမပျိုသည် ထင်းခြောက်များကောက်ရန် ထွက်သွားသည်။ မကြာခင် ပြန်ရောက်လာလိမ့်မည်။
    လူငယ်သည် အခွင့်အရေးကို လက်လွတ်မခံချင်။ သို့ရာတွင် မိန်းမပျိုကို ဘယ်လိုစရမှန်းမသိဘဲဖြစ်နေ၏။ အကြမ်းနည်းကို သုံးလို့တော့မဖြစ်။ ကြမ်းလည်းမကြမ်းရဲ။ သူ၏တပ်မက်မှုကို မိန်းကလေးသိအောင် ဘယ်လိုပြရပါ့မလဲ တွေးရင်း မီးဖိုဘေးကမီးသွေးခဲတစ်ခုကိုယူ၍ ဂူနံရံပေါ်မှာ ဟိုခြစ်ဒီခြစ် ခြစ်နေမိ၏။
    နောက်တော့ သူ့ရင်ထဲကခံစားမှုများသည် ရုပ်ပုံများအဖြစ်သို့ပြောင်းလဲသွား၏။ ယောကျာ်းတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့ လက်တွဲနေသည့်ပုံတစ်ပုံကို နံရံပေါ်မှာ အလိုအလျောက်ရေးဆွဲနေမိလေသည်။
    မိန်းကလေး၏ပုံကို အပြင်ကအတိုင်းဖြစ်အောင် ကြိုးစားဆွဲသည်။ မြေနီမှုန်များကို အရည်ဖျော်၍ ဆံပင်နေရာမှာသုတ်သည်။ သစ်ခေါက်တွေသွေးပြီး အသားရောင်ခြယ်သည်။ ပြာများယူ၍ သုတ်သည်။ သူသည် ပုံဆွဲခြင်းအလုပ်ကို စိတ်ဝင်စားနေသဖြင့် မီးဖိုကလေးကိုတောင် မေ့နေမိ၏။
    ပုံကို ရနိုင်သမျှ အရောင်တွေခြယ်ပြီးတော့ ကျေနပ်စွာကြည့်နေသည်။ လေအေးတစ်ချက်ဝင်လာသဖြင့် စိမ့်ကနဲဖြစ်သွား၏။ ထိုအခါကျမှ မီးဖိုကိုသတိရပြီး ထိတ်ထိတ်ပြာပြာလှည့်ကြည့်သည်။
    သူ အံ့သြသွား၏။ မီးဖိုဘေးမှာထိုင်နေသော မိန်းမပျိုကို တွေ့လိုက်ရသောကြောင့်ပင်ဖြစ်၏။ မိန်းမပျိုသည် သူ ပုံဆွဲနေတုန်း တိတ်တဆိတ်ရောက်ရှိလာပြီး မီးဖိုကို ဆက်လက်ကြည့်ရှုပေးထားခြင်းဖြစ်၏။
    မိန်းမပျိုက ထရပ်လိုက်ပြီး သူ့အနားသို့လျှောက်လာသည်။ နံရံပေါ်ကပုံကို သေချာစွာစူးစိုက်ကြည့်သည်။ နံရံပေါ်က မိန်းကလေးပုံကို လက်ညှိုးနှင့်ထောက်သည်။ ပြီးတော့ သူ့ရင်ပတ်ကို ပုတ်သည်။ ထို့နောက် လူငယ်ကိုကြည့်ပြီး ခေါင်းညိတ်ပြသည်။ လူငယ်က မိန်းမပျို၏လက်ကို လှမ်းကိုင်သည်။
    မီးဖိုထဲမှမီးညွန့်တစ်ခု လူးလွန့်တက်လာသည်။ သူတို့နှစ်ယောက်၏မျက်နှာပေါ်တွင် မီးရောင်ဟပ်ပြီး မျက်လုံးများက တလက်လက် တောက်ပနေကြလေသည်။
                        * * *
[အေဒီ ၁၁၁၂ ခန့်]
    ဂြီ နမောဗုဒ္ဓါယ
ဘုရားသခင်သာသနာ အနှစ်တစ်ထောင်ခြောက်ရာ နှစ်ဆယ့်ရှစ်နှစ်လွန်လေကြီးရကား...
    ဤ အရိမဒ္ဒာနပူရပြည်၌ လုလင်တစ်ယောက်သောကား ငပြည့်မည်၏။ ထိုလုလင်လည်း အိုပန်းနုကို မေတ္တာသက်တုံ၏။ အိုပန်းနုတမူလည်း ထိုမေတ္တာကို မသိလေရကား ဤမော်ကွန်းကို ငါပြု၏။ အိုပန်းနုလျှင် ဤမော်ကွန်းကိုမြင်ပြီး၍၏။ ငါ့မေတ္တာအား တုံ့စေသတည်း။
    ငပြည့်သည် ကျောက်စာ၏နောက်ဆုံးစာလုံးကို ထွင်းထုပြီးသွားလေပြီ။ သူသည် ဤကျောက်စာကို ရက်သတ္တ တစ်ပတ် ကြာအောင်  ပြုလုပ်ခဲ့ရ၏။ သူသည် ကျောက်စာထွင်းသည့်အလုပ်ကို ကျွမ်းကျင်သူတစ်ယောက်မဟုတ်။ ဒီအလုပ်မျိုး သီးသန့်လုပ်သည့် ပျူလူမျိုးတို့၏ရွာမှာ အခပေးပြီးထွင်းထုခိုင်းလျှင်တော့ ရသည်။ သို့ရာတွင် ယခုကိစ္စမျိုးက တခြားလူတွေသိလို့ကောင်းသောအရာမဟုတ်။ ထို့ပြင် အိုပန်းနုကိုပေးဖို့ ကျောက်စာသည် မိမိကိုယ်တိုင်၏ လက်ရာဖြစ်စေချင်၏။
    ထို့ကြောင့် သူ့ဘာသာပင် ထွင်းထုခဲ့ခြင်းဖြစ်၏။
    တကယ်တော့ ကျောက်စာထွင်းရသောအလုပ်သည် မလွယ်ကူ။ အလွန်လက်ဝင်သည်။ အချိန်အဆလည်း အင်မတန် အရေးကြီးသည်။  မလိုအပ်ဘဲ ကျောက်သားတွေ ပဲ့ထွက်မကုန်အောင် ဂရုစိုက်သည်။ အထူးသဖြင့် အက္ခရာတွေကို မကျီးစေ့ပုံသဏ္ဍာန်ဖြစ်အောင် ထွင်းရသည်မှာ အတော်စိတ်ရှည်ရသည်။
    မည်သို့ပင်ဖြစ်စေ ကျောက်စာကတော့ ရေးထွင်းလို့ပြီးသွားပေပြီ။ အချိန်မီအောင် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရသဖြင့် လက်များပင် ပေါက်ပြဲပြီး သွေးစို့နေ၏။
    ကိစ္စမရှိ။ သူ့အချစ်ကိုဖွင့်ဟပြနိုင်ဖို့သာ အရေးကြီးသည်။ အိုပန်းနုကိုချစ်သော သူ၏အချစ်ကား တုရင်တောင်ထက် ပို၍ကြီးမားသည်။ တန့်ကြည်တောင်ထက် ပို၍မြင့်သည်။ အကြေအရပ်မှလာသော ကုန်သည်အချို့ပြောပြသည့် ပင်လယ်ဟုခေါ်သော ရေအိုင်ကြီးထက်ပင် ပို၍ကျယ်ပြန့်သည်။ ရွှေစည်းခုံဘုရားမှာ သစ္စာပြုဝံ့၏။
    ခက်နေသောအကြောင်းကတော့....
    သူသည် ကွန်ပြောက်ငယ်တစ်ခုမှ အမှုထမ်းလုလင်ကလေးမျှသာဖြစ်ပြီး အိုပန်းနုကား သံပျင်ကြီး၏သမီးဖြစ်နေခြင်းပင်တည်း။ အဆင့်တန်းချင်း အလွန်ကွာလှ၏။ ထိုမျှမက သံပျင်ကြီးကလည်း အိုပန်းနုကို ကလန်အရာရှိငယ်တစ်ဦးနှင့် လက်ဆက်ပေးရန် စိတ်ကူးရှိကြောင်း သတင်းသဲ့သြဲု့ကားရ၏။
    အိုပန်းနုသည် သူ့အပေါ် စိမ်းစိမ်းကားကားတော့မရှိ။ တွေ့မိဆုံမိသည့်အခါ ပြုံးပြုံးရယ်ရယ် နှုတ်ဆက်တတ်သည်။ ခင်မင်လိုသောဟန်လည်း ပြသည်။ တစ်ခုပဲရှိ၏။ မိမိကချစ်နြေေုကာင်း အိုပန်းနုက မသိသေး။ နှုတ်ကဖွင့်ပြောဖို့လည်း မ၀ံ့ဘဲဖြစ်နေရ၏။
တစ်နည်းနည်းနှင့်သိအောင်တော့ ကြံရမည်။ ထို့ကြောင့် ဤကျောက်စာကို ထွင်းထုခဲ့ခြင်းဖြစ်၏။
    ဒီနေ့ လပြည့်နေ့ဖြစ်၏။ အိုပန်းနုသည် ရွှေစည်းခုံဘုရားပွဲသို့ လာလိမ့်မည်။ အပြန်တွင် ဤကျောက်စာကို ပေးလိုက်မည်ဟု ကြံစည် စိတ်ကူးထား၏။
    ကျောက်စာကို ရေဖြင့်စင်ကြယ်စွာ ဆေးသည်။ ပြီးတော့ နံ့သာဖြူရည်ဖြင့် ပက်ဖျန်းသည်။ ငဆောင်ချမ်းဘက်သို့ တာဝန်နှင့်သွားစဉ်က တရုတ်ကုန်သည်များထံမှဝယ်ခဲ့သော ပိုးဖျင်စဖြင့်ရစ်ပတ်သည်။ မိမိကိုယ်တိုင်လည်း ၀တ်ကောင်းစားလှဝတ်သည်။
    ထို့နောက် ဗုဒ္ဓမြတ်စွာဘုရားကို ရှိခိုးကန်တော့သည်။ ယနေ့ပြုဖွယ်ကိစ္စ အောင်မြင်ပါစေကြောင်း ဆုတောင်းသည်။
    "အတို့ကျွန် ရောက်ပါပြီသခင်"
    ဘုရားကျွန်နှစ်ယောက်ရောက်ရှိလာပြီး သူ့ကိုနှုတ်ဆက်သည်။
    ကျောက်စာချပ်ကြီးသည် အလျားနှစ်တောင့်ထွာ အနံတစ်တောင်နှင့် လက်လေးသစ်ရှိ၏။ အတော်လေးလံသည်။ မိမိကိုယ်တိုင် သယ်ယူရန်မလွယ်။ ထို့ကြောင့် နန်းဘုရားမှ ကျွန်နှစ်ယောက်ကို ကြက်တစ်ကောင်စီပေး၍ ငှားရမ်းခဲ့ရခြင်းဖြစ်၏။
    ကျောက်စာချပ်ကြီးကို လျှော်ကြိုးဖြင့်ဆိုင်း၍ ဘုရားကျွန်နှစ်ယောက်က ရှေ့နောက်ထမ်းသည်။ သူက ဦးဆောင်ပြီး ထွက်လာခဲ့သည်။ ခုဆိုလျှင် သူသည် နောက်ပါအခြွေအရံများဖြင့် တင့်တင့်တယ်တယ်ဖြစ်သွားပေပြီ။
    ထနောင်းပင်တန်းအကြားရှိ မုဆိုးမတစ်ယောက်တည်ခဲ့သောစေတီကလေးနားက စောင့်ရမည်။ ထိုနေရာက လူလည်းရှင်းသည်။ အရိပ်လည်းရသည်။ အိုပန်းနုစီးလာသောလှည်းပေါ်တွင် သူ့အမိ ပါမလာစေနှင့်ဟူ၍သာ ဆုတောင်းရပေတော့မည်။
                        * * *
[အေဒီ ၁၈၆၅ ခန့်]
    အဖန်တစ်အိုးလည်းကုန်တော့မည်။ ယွန်းခွက်ထဲက မန်းမရွေးလည်း ပြောင်တလင်းခါနေပြီ။ ပြောင်းဖူးဖက်ဆေးပေါ့လိပ်ကြီးလည်း တစ်ဝက်ကျိုးပြီ။ ကွမ်းကလည်း တစ်ယာပြီးတစ်ယာ စားရလွန်းသဖြင့် လျှာတွေ၊ အာတွေတောင် ထုံးပေါက်နေပြီ။
    ဆရာဆင့်ကား ရေးလို့မပြီးသေး။ ဗျစ်ရည်တစ်ကျိုက်သောက်လိုက်၊ ဆေးပေါ့လိပ်ဖွာလိုက်၊ ခေါင်းကုတ်စဉ်းစားလိုက်၊ ရေးလိုက် လုပ်နေသည်။ စောင့်ရတာကြာသဖြင့် ပျင်းရိငြီးငွေ့လာသည်။ ဆရာဆင့်ရေးသည့်တေးထပ်က ကောင်းမှကောင်းပါ့မလားဟူ၍လည်း စိုးရိမ်စိတ်ဝင်နေမိ၏။
    ခုချိန်မှာ ရဲစားဆီ တေးထပ်ရေးပို့သည့်ဓလေ့က အလွန်ခေတ်စားသည်။ ထိုကိစ္စမှာ မင်းတြားကြီးက စတင်လိုက်ခြင်းဖြစ်၏။ မင်းတြားကြီးသည် သူ၏မိဖုရားကြီးသုံးပါးဖြစ်သော စကြာဒေ၀ီ၊ ဆင်ဖြူမရှင်နှင့် ရှင်သဲတို့ကိုရည်၍ တေးထပ်ကဗျာသုံးပုဒ်ကို ကိုယ်တော်တိုင်စပ်ဆိုခဲ့သည်ဟု ဆို၏။
    ထိုအခါ ကနောင်ကိုယ်တော်ကြီးကလည်း အားကျမခံဘဲ လှိုင်ထိပ်ခေါင်တင်မိဖုရားထံ တေးထပ် ရေးပို့ပြန်သည်။ သူကတော့ စစ်မက်ရေးရာသာ ကျွမ်းကျင်သူဖြစ်သဖြင့် ကိုယ်တိုင်မရေးတတ်။ လက်သုံးတော်စာဆိုများကို ရေးခိုင်းရသည်။
    ဘုရင်က တစ်ခုခုလုပ်လျှင် လိုက်လုပ်တတ်ကြသည့်ထုံးစံအတိုင်း မင်းသားငယ်များကလည်း သူတို့မိဖုရားများထံတေးထပ်ပို့ကြသည်။ မိဖုရားတွေကလည်း အပြန်အလှန်ပို့ကြသည်။ ထိုမှတစ်ဆင့် ရွှေနန်းတော်အသိုင်းအ၀ိုင်းသို့ ကူးစက်သည်။ ထို့နောက် ရွှေမြို့တော်တစ်ခုလုံး ပျံ့နှံ့သွားပြီး တေးထပ်မှမစေလျှင် မိန်းမရနိုင်ဖို့ မလွယ်သလောက်ဖြစ်သွား၏။
    ကဗျာစာဆိုများကလည်း လာဘ်လာဘ အလွန်ရွှင်သောကာလဖြစ်၏။ ကိုယ်တိုင်မရေးတတ်သူတွေက စာဆိုများကို ချဉ်းကပ်ကြရသောကြောင့်တည်း။ ယခင်က ထန်းရည်တောင် အနိုင်နိုင် အကြွေးသောက်ခဲ့ကြရရှာသော ကဗျာစာဆိုတို့မှာ ခုတော့ ဗြန်ဒီလေး တမြမြဖြစ်နေကြလေပြီ။
                        * * *
    သူသည် စလေဆရာဦးပုညဆီသို့သွားဖို့ ကြိုးစားခဲ့သေးသည်။ သို့ရာတွင် စလေဆရာသည် မြင်ကွန်းမြင်းခုန်တိုင်မင်းသား ညီနောင်တို့ကမြှောက်စားထားသဖြင့် စန်းပွင့်နေသောအချိန်၊ ရွှေနန်းတော်အသိုင်းအ၀ိုင်းမှ မင်းသား၊ မင်းသမီး တို့ စေခိုင်းသော တေးထပ်များကို လက်မလည်အောင် ရေးပေးနေရသောအချိန်၊ ရေသည်ပြဇာတ်၊ ဆဒ္ဒန်ဆင်မင်းပြဇာတ်တို့ကြောင့် တစ်ရှိန်ထိုး နာမည်ကျော်ကြားနေသောအချိန်။ ထိုမျှမက ဗေဒင်ယတြာလည်း တတ်ကျွမ်းသဖြင့် သူ့အိမ်မှာ အမြဲလိုလို လူစည်ကားနေတတ်၏။
    မိမိလိုမြို့ဝန်မင်း၏အိမ်တော်သားမျှသာဖြစ်သူအနေဖြင့် တွေ့ခွင့်ရဖို့တောင်မလွယ်။
    ထို့နောက် အချုပ်တန်းဆရာဖေနေထိုင်ရာ မြင်းကုန်းတန်းရှိအိမ်သို့ သွားသည်။ ဆရာဖေကိုတော့ တွေ့ခွင့်ရသည်။ သို့ရာတွင် ဆရာဖေက လောလောဆယ် တပယ်မင်းသားရေးခိုင်းသည့်တေးထပ်တွေ ရေးနေရသဖြင့် မအားလပ်ကြောင်း၊ ပြီးလျှင်လည်း မက္ခရာ မင်းသားကြီးနှင့်အတူ အင်းဝအုတ်ကျောင်းသို့ လိုက်ပါသွားပြီး ပေစာတွေ ကူးယူလေ့လာရဦးမည်ဖြစ်ကြောင်း၊ အလျင်လိုလျှင်တော့ မိမိ၏ တပည့်ရင်းဖြစ်သူ ခေတ္တရာဆရာဆင့်ထံ သွားသင့်ကြောင်း လမ်းညွှန်လိုက်၏။
    သို့ဖြင့် ဂေါဝိန်ဆိပ်ကမ်းမှာဆိုက်ကပ်ထားသော အင်္ဂလိပ်ကုန်သည်သင်္ဘောမှ ဗျစ်ရည်တစ်အိုးဝယ်သည်။ ဆရာဆင့်ကြိုက်တတ်သည် ဆိုသောကြောင့်ဖြစ်၏။ ဆရာကတော် ဒေါ်မယ်စိန်အတွက်လည်း ခါသာပိတ်အုပ်တစ်အုပ် ယူသွားရသေးသည်။
                        * * *
    သူသည် မြို့ဝန်ကတော်၏တူမလေးကို မေတ္တာသက်ဝင် ချစ်ခင်နေမိ၏။ သူက မြို့ဝန်မင်း၏ပစားပေးခြင်း ခံရသူဖြစ်၍ သဘောမတူမှာကိုတော့ ပူစရာမလို။ မိန်းကလေးက မေတ္တာတုံ့ပြန်ဖို့သာ အရေးကြီးသည်။
    သူ့အနေဖြင့် မိန်းကလေးကို နှုတ်ဖြင့်ချစ်ရေးဆိုရန်မှာ အသည်သားဆန်လွန်းသည်ဟု ထင်၏။ အထင်အမြင်သေးစရာဖြစ်မည်။ ရွှေနန်းတော်အသိုင်းအ၀ိုင်းနှင့်နီးစပ်သူပီပီ အများသူငါလို တေးထပ်ရေးပေးမှ တော်ပေမည်။ ထို့ကြောင့် ဆရာဆင့်ထံ လာရောက်အကူအညီတောင်းရခြင်းဖြစ်၏။
                        * * *
    "အိမ်း...ပြီးတော့ပြီးသွားကပြီ"
    ဆရာဆင့်က ရေရွတ်ရင်း သူရှိရာသို့ ထလာသည်။
    "စိတ်ချပေရော့ မောင်ရင်၊ ဒီတေးထပ်ကိုဖတ်ပြီးရင် မိန်းကလေးဟာ မောင်ရင့်ကို မေတ္တာမတုံ့ပြန်ဘဲ နေနိုင်မှာမဟုတ်ပေဘူးကွယ့်"
    ဟု ပြောပြီး ပေရွက်ကို လှမ်းပေး၏။ သူ ၀မ်းသာအားရ လှမ်းယူလိုက်သည်။
    "ဖတ်ကြည့်လိုက်ပါဦးလေ"
    ဆရာဆင့်က တိုက်တွန်းသဖြင့် သူ ဖတ်ကြည့်လိုက်သည်။ ဖတ်ရင်းကပင် ပီတိတွေ ဖြာဝေလာလေတော့၏။
    "တဆိတ်ကယ် ချစ်ပါ့
    လှစ်ဟလို့ တောင်းပန်။
    ဖြစ်သမျှ အကြောင်းကံငယ်
    ပေါင်းရန်ဖြင့် ရည်စူး။
    ဖူးစာရှင် အစစ်မှန်လျှင်
    အချစ်ပြန်ကြားဖို့ စိတ်ကူး"
                        * * *
[အေဒီ ၁၉၀၈]
    "အောက်အီးအီးအွတ်"
    သက်ကြီးခေါင်းချကြက်တွန်သံကြားပြီး မကြာခင် သူတို့ရောက်လာတတ်ကြလေသည်။ သူတို့ဆိုသည်မှာ ရွာထဲမှ ကာလသား လူပျိုများဖြစ်၏။
    ရွာဓလေ့အရ လူကြီးတွေ အိပ်ရာဝင်ပြီးလျှင် ကာလသားတို့က အပျိုရှိရာ အိမ်တွေကို အလည်လာတတ်သည်။ အပျိုတွေက ဗိုင်းငင်ရင်း ကွမ်း၊ ဆေးလိပ်တို့ဖြင့် ဧည့်ခံရသည်။
    ဒီအချိန်မှာ ပုံတိုပတ်စလေးတွေ ပြောကြ၊ နောက်ကြ၊ ပြောင်ကြ၊ စကားထာဝှက်ကြရင်း တစ်ယောက်ကိုတစ်ယောက် အကဲစမ်းကြသည်။ ထိုမှတစ်ဆင့်တက်ပြီး ချစ်သူရည်းစားတွေဖြစ်ကြသည်။ တချို့ကာလသားတွေကျတော့လည်း အိမ်တကာလျှောက်ပါလျက်လုံးဝမစွံဘဲ လူပျိုသိုးကြီးဖြစ်သွားသည်။
    မိန်းကလေးများအနေဖြင့် မိမိတို့ထံလာလည်သော ကာလသားများကို မချစ်မကြိုက်နိုင်သည်ပင်ဖြစ်စေ မလာပါနဲ့ဟု တည့်တည့်ပြောခွင့်မရှိ။ စကားပြောရင်း မသိမသာသမ်းဝေပြခြင်း၊ ဆေးလိပ်အဆင့်သင့်လိပ်မထားခြင်း၊ ကွမ်းယာခိုင်းလျှင် ထုံးပေါက်အောင်
များများထည့်ပေးခြင်း စသည်တို့ဖြင့်သာ ဥပယ်တမျည်ဖြင့် မနှစ်သက်ဟန်ပြရသည်။ ထိုအခါ တချို့ကာလသားတွေက သဘော ပေါက်ပြီး နောက်ရက်မှာ မလာတော့။ တချို့ကျတော့လည်း ဘယ်လိုလုပ်လုပ်မရ။ မသိဟန်ဆောင်ပြီး နေ့တိုင်းဇွတ်ကြီးလာနေလျှင် အတော်စိတ်ညစ်ရသည်။
                    * * *
    ဟောဒီမောင်ကြီးကျတော့ တစ်မျိုး။ ကိုယ်ကိုယ်တိုင်က လိုလိုလားလား ဧည့်ခံနေပါလျက် မတုန်မလှုပ် နေနိုင်လွန်းသည်။ ရိုးချက်၊
အချက်ကလည်း လွန်ပါရော။ အရင်တုန်းက တစ်ယောက်တည်းတောင် မလာရဲ။ အဖော်တစ်ယောက် နှစ်ယောက် အမြဲပါသည်။ ထိုအခါမှလည်း အဖော်တွေကသာ စကားဖောင်အောင်ပြောသည်။ မောင်ကြီးကတော့ နှုတ်ဆိတ်ပါဘိသနဲ့။
    အတူပါလာသူထဲက တစ်ယောက်တစ်လေက မောင်ကြီးနေပုံကို အားမရတော့ဘဲ..
    "ဗျို့ ကိုရင်... သစ်ငုတ်တို့သာဖြင့် အတက်တောင် ပေါက်ရော့မယ်"
    ဟု ပြောယူရ၏။
    ဒီနေ့တော့ ထူးထူးခြားခြားတစ်ယောက်တည်း ပေါက်ချလာ၏။ ဖွင့်ဟပြောကြားဖြစ်တော့မည်ဟု မျှော်လင့်ရသည်။ နေ့လယ်ကပင် အိမ်ကို အပျိုကြီးရောက်လာပြီး မောင်ကြီးအကြောင်းတွေ ပြောသွားသေးသည်။ မောင်ကြီးက အလွန်သဘောကောင်းကြောင်း၊ ရိုးသားကြောင်း၊ စကားမစပ်လုပ်ပြောရင်း မိမိကိုလည်း လင်ကောင်းသားကောင်း ရစေချင်ကြောင်း သွယ်ဝိုက်၍ အောင်သွယ်သွားခဲ့သည်။ ထိုအချင်းအရာများကို ဆက်စပ်ကြည့်လျှင် သိသာ၏။
    ခက်နေတာက မောင်ကြီးသည် ခုချိန်ထိ "လကလည်း သာလိုက်တာနော်"ဆိုသောစကားကိုသာ မကြာခဏ ပြောသည်။ မေးထားသောစကားထာကိုလည်း မဖြေသေး။ "ကျွန်းတုံး ကြောင်လျှောက်"ဆိုတာ ဘာလဲဟု မေးထားခဲ့သည်။
    မောင်ကြီးသည် ပါးရည်နပ်ရည်ရှိလျှင် တစ်ခါတည်းတောင် အဆင်ပြေသွားနိုင်သည်။ စကားထာ၏အဖြေမှာကိုက မိမိသဘောထား ပါဝင်ပြီးဖြစ်နေ၏။
    သို့ရာတွင် မောင်ကြီးသည် ခေါင်းကုတ်လိုက်၊ အင်းကွက်တွေထိုးထားသော လက်မောင်းကို ပွတ်လိုက်၊ အူကြောင်ကြောင် လုပ်နေသေးသည်။ စိတ်မရှည်တော့သဖြင့်...
    "ကဲ..ပြောလေ၊ ကျွန်းတုံးကြောင်လျှောက်ဆိုတာ ဘာလဲ"
    ဟု ထပ်ပြီးလောတော့မှ လက်ဖ၀ါးကြီးနှစ်ဘက်ကိုပွတ်လျက်...
    "ဟီး.. ကျုပ်စိတ်ထင်တော့ ထွန်တုံးမောင်ပျောက်လို့ ဆိုလိုတာ ထင်သာပဲ"
    လက်မောင်းနှစ်ဘက်ကို စိတ်ရှိလက်ရှိ ကိုင်ဆောင့်ပြီး ထုရိုက်လိုက်ဖို့ပဲ ကောင်းတော့သည်။
    ထိုစဉ်မှာ ထန်းရည်လေးတထွေထွေနှင့် အိမ်ပြန်လာသော မိန်းကလေး၏မောင်ဖြစ်သူက မောင်ကြီး၏အဖြေကို အမှတ်တမဲ့
ကြားသွားသည်။ သူက မောင်ကြီးဘက်တော်သားလေ။ ဒီကိစ္စကလည်း သူ မြှောက်ပေးခဲ့တာပေါ့။ ခုလည်း မောင်ကြီးစကားထာ
အဖြေပေးပုံကိုကြားပြီး အားမလို အားမရဖြစ်သွားဟန်တူ၏။ နဖူးကို လက်ဝါးနှင့်တစ်ချက်ရိုက်လိုက်ပြီး...
    "အ လိုက် န လိုက်တဲ့လူနှယ်၊ ကျွန်းတုံးကြောင်လျှောက် ဆိုတာ လွမ်းတုန်း မောင်ရောက်လို့ ဆိုချင်တာဟ..ယောက်ဖရ"
    ဟု အာလေးလျှာလေးကြီးဖြင့် လှမ်းအော်လိုက်လေသတည်း။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...